
ပင်လယ်သေအကြောင်း စဉ်းစားနေရင်းမှာဘဲ အာရုံထဲကို ဝင်ရောက်လာတာက ပင်လယ်သေရဲ့ မြောက်ဖက်မှာ ရှိတဲ့ ဂါလိလီပင်လယ် အကြောင်းပါဘဲ။ ဂါလိလီ ပင်လယ်ဟာလည်း ရေအိုင်သာဖြစ်ပြီး ဂျော်ဒန်မြစ်စီးဝင်တဲ့ အိုင်ကြီးဖြစ်ပါတယ်။ ဂါလိလီဟာ အရှည် ၁၃မိုင်ရှိပြီး အကျယ်အားဖြင့် ၈မိုင်ရှိပါတယ်. ပင်လယ်မျက်နှာပြင်ထက် ပေ ၇၀၀ ခန့် နိမ့်ကျပြီး ပင်လယ်သေပြီးရင် ကမ္ဘာ့အနိမ့်ဆုံး ရေအိုင်ကြီး ဖြစ်ပါတယ်.။ ရေအိုင်ကြီးနှစ်ခု တူတဲ့အချက်က အဲဒီ ရေအိုင် နှစ်ခု စလုံးဟာ ဂျော်ဒန် မြစ်ရေတွေ စီးဆင်း ဝင်ရောက်တဲ့ ရေကန်တွေ ဖြစ်ပါတယ်.. ဒါပေမဲ့ မတူတဲ့ အချက်ကတော့ ဂါလိလီရေအိုင်ကြီးဟာ ချိုမြိန်တဲ့ ရေတွေရှိပြီး ပင်လယ်သေ ကတော့ ရေငံများသာ ရှိတဲ့ ရေပြင်ဖြစ်ပါတယ်. ဂါလိလီရေပြင်ဟာ လှပ သန့်ရှင်းတဲ့ ရေချိုတွေ ရှိတာကြောင့် ရေထဲမှာ သက်ရှိမျိုးစုံ ရှင်သန်ပေါက်ဖွားလို့ နေပါတယ်. အပင်များစွာနဲ့ ငါးအမျိုးပေါင်း စုံလင်စွာ ကျက်စား မြူးတူးလို့ နေပါတယ်။ အစ္စရေးတို့ရဲ့ အဓိက သောက်သုံးရေ အရင်းအမြစ် လည်း ဖြစ်ပါတယ်။
မြစ်တစ်ခုတည်းကနေ ဖြစ်ပေါ်လာတဲ့ ရေကန်နှစ်ခုဟာ ဘာကြောင့်များ မတူ ကွဲပြားနေရတာလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်. တစ်နေရာတည်းမှာ တည်ရှိနေပြီး မြစ်တစ်ခုတည်းက ရေကို ရရှိနေတဲ့ ပင်လယ်( ရေအိုင်ကြီး) နှစ်ခုဟာ တစ်ခုကတော့ သက်ရှိတွေ နေထိုင် မပေါက်ဖွားနိုင်တဲ့ ရေပြင်မျိုးကို ပိုင်ဆိုင်နေပြီး တစ်ခုကတော့ သက်ရှိတွေ မှီတင်းနေထိုင်နိုင်တဲ့ ရေပြင်မျိုး ဘာကြောင့်များ ဖြစ်နေရတာလဲ.. အဖြေရှာ စဉ်းစားကြည့်တဲ့ အခါမှာတော့..
ဂျော်ဒန်မြစ်ဟာ ဂါလိလီပင်လယ် ထဲ ကို မြောက်ဘက် ကနေ စီးဝင်ပြီးမှ တောင်ဘက် ကနေ ပြန်စီးထွက် သွားခဲ့ပါတယ် .. ဂါလိလီ ပင်လယ် ထဲကရေ ဟာ အဝင်ရော အထွက် ပါရှိတဲ့ ရေအရှင် ဖြစ်တာကြောင့် သန့်ရှင်းကြည်လင်တဲ့ ရေချိုဖြစ်နေပြီး
သက်ရှိပေါင်းများစွာ ပေါက်ဖွားနေထိုင်နိုင်ကာ သတ္တဝါနဲ့ အပင်တွေအတွက် မှီခိုအားထားရာ ဖြစ်စေခဲ့ပါတယ်။ သို့သော် ဂါလိလီ ပင်လယ်ထဲကနေ ပြန်လည် စီးထွက် လာတဲ့ ဂျော်ဒန်မြစ်ကြီး တစ်ခုလုံးက ရေတွေ စီးဝင်နေတာခြင်း တူပေမဲ့လို့ ပင်လယ်သေကတော့ သက်ရှိလည်း မနေနိုင်၊ ဆားတွေ သတ္ထုဓာတ်တွေ များပြားနေတဲ့ ရေပြင်ဟာလည်း ငံကျိနေခဲ့ပါတယ်။ အကြောင်းရင်းကတော့ စီးဝင်တဲ့ ရေသာ ရှိပြီး ပြန်လည် စီးဆင်းသွားတဲ့ မြစ်၊ ချောင်း စတဲ့ ရေထွက်ပေါက် တစ်ခုမှ မရှိတဲ့ ရေသေဖြစ်လို့ပါ။
စီးဆင်းမှု မရှိတဲ့ ပင်လယ်သေရဲ့ ရေပြင်ထုဟာ ခန့်မှန်းခြေ တန်ချိန် တစ်သိန်းကျော်ခန့် နေ့စဉ် နေ့စဉ် အငွေ့ပျံသွားပါတယ်.။ ရေတွေတန်ချိန်များစွာ အငွေ့ပျံသွားတဲ့အခါ ကန်ထဲမှာ ဆားနဲ့ သတ္တုတွေသာ များစွာ ကျန်ရစ်ခဲ့ပါတယ်။ ဆားပါဝင်မှုနှုန်း များပြားလွန်းလို့ သက်ရှိတွေ ရှင်သန်ဖို့မဖြစ်နိုင်တဲ့ အနေအထားကို ရောက်ရပါတယ်. ပင်လယ်သေဟာ ဂျော်ဒန်ုမြစ်ဆီက စီးဝင်တဲ့ ရေသာရှိပြီး စီးဝင်လာတဲ့ရေကို ပြန်လည် ထုတ်ပေးခြင်းမရှိဘဲ သူ့ပင်လယ်ထဲမှာ ထိမ်းသိမ်းထားလိုက်တဲ့ အတွက် ပင်လယ်သေအဖြစ်ကို ရောက်ခဲ့ရပါတယ်။
No comments:
Post a Comment